
ကျွန်မမှာ ကျွန်မကို သိပ်မချစ်ဘူးလို့ ထင်ရတဲ့ချစ်သူလေးတစ်ယောက်ရှိတယ်။
သူက ကျွန်မကို မချစ်ဘူးလို့ ကျွန်မအမြဲထင်ခဲ့တယ်။
အဲလိုထင်ရလောက်အောင်လည်း သူက အနေတည်တယ်။ လူကြီးဆန်တယ်။
ကျွန်မက တစ်ဇွတ်ထိုးသမား၊ ကိစ္စတိုင်းလိုလို ခံစားချက်ကို ဦးစားပေးလေ့ရှိတယ်။
သူက ဘယ်ကိစ္စကိုမဆို လေးလေးနက်နက်စဉ်းစားတယ်။ ကျွန်မတို့ ကြားထဲက ကွာဟချက်ကို သိရဲ့ နဲ့ 
သူကလည်း ပြင်ဖို့ ဘယ်တုန်းကမှစိတ်ကူးမရှိခဲ့ သလို ကျွန်မကလည်း အလျှော့ပေးဖို့ စိတ်ကူးမရှိခဲ့ဘူး။
ဒါပေမယ့် ကျွန်မတို့ နှစ်ယောက်ကြားမှာ ဒီနေ့ ထိရှိနေခဲ့တာ နားလည်မှုဆိုတဲ့ စာလုံးလေးသုံးလုံးထဲပါ။
သူနဲ့ ချစ်သူသာဖြစ်ခဲ့တယ် သူကလုံးဝကဗျာမဆန် တုံနိဘာဝေသမားလေ။
ကျွန်မကတော့ လောဘကြီးတယ်ပဲပြောပြော ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လိုချစ်တာ ဘယ်လောက်ထိ ကိုယ့်ကို ဂရုစိုက်တာ မိန်းကလေးပီပီ ခံစားဖူးချင်ခဲ့တယ်ပေါ့။
ချစ်သူသက်တမ်းသာ ကြာလာတယ် ပန်းတစ်ပွင့်တောင် လက်ဆောင်မပေးဖူးတဲ့သူကို ကျွန်မအပြစ်တင်ချင်ခဲ့တယ်။
ဒါပေမယ့် ကျွန်မသူ့ ကို ဘယ်တုန်းကမှဖွင့်ပြောပြီး အပြစ်မတင်ခဲ့ဘူး။ သူ့ ကို ကျွန်မသိပ်ချစ်တာကို။
မှတ်မှတ်ရရ မနှစ်က သင်္ကြန်အကြိုနေ့ တုန်းကပေါ့။
သူနဲ့ ကျွန်မ သင်္ကြန်မတိုင်ခင်ထဲက တိုင်ပင်နေကြတာ ဘယ်လိုကဲမယ် ဘယ်မဏ္ဍပ်ထိုင်မယ် ကားနဲ့ ဘယ်ရက်လျှောက်လည်မယ်ပေါ့
သင်္ကြန် ဆိုတာ ကျွန်မတို့ နှစ်ယောက်ရဲ့ အမှတ်တရတွေထဲက တစ်ခုပါ။
ဘာလို့ လဲဆိုတော့ ကျွန်မတို့ ချစ်သူသက်တမ်းရဲ့  အထိမ်းအမှတ်နေ့ လေးက သင်္ကြန်မှာရှိခဲ့တာလေ။
အဲဒီနေ့ က သင်္ကြန်အကြိုနေ့  ကျွန်မကို ရေလာလောင်းဖို့ သူလောင်းတဲ့ရေကို ပထမဆုံးစိုချင်လို့ ကျွန်မစောင့်နေခဲ့တာ သူကတော်တော်နဲ့ ပေါ်မလာဘူးလေ။
ဖုန်းကိုလည်းပိတ်ထားသေးတယ်။ ကျွန်မလည်း ဘယ်မိန်းမနဲ့ လျှောက်လည်နေလဲ။ သူတစ်ယောက်ထဲပဲ
လျှောက်ကဲပြီလားပေါ့။ အိမ်မှာတစ်ယောက်ထဲ စိတ်တွေတိုပြီး လာရင်တော့ အတွေ့ ပဲပေါ့။
ကျွန်မက သ၀န်လည်းအရမ်းတိုတတ်သေးတယ်လေ။
နေ့ ခင်းလောက်ရောက်တော့ အိမ်ရှေ့က ကားသံကြားလို့ တွေ့ မယ်ဆိုပြီး ထွက်သွားလိုက်တာ ပိတောက်ပန်းတစ်ပွေ့ နဲ့ စောင့်နေတဲ့ သူ။
ကျွန်မ သူ့ ဆီက ရလိမ့်မယ်လို့ မထင်ထားခဲ့တာပါ။ ပြီးတော့ ရေသန့် ဘူး တစ်ဘူး၊
"ရော့ ပိတောက်ပန်းပတ်ရှာနေတာ ဟဲဟဲ အိပ်ရာထလည်းနည်းနည်းနောက်ကျသွားတယ်၊ ရော့ ရေဘူး ကိုကတောရွှဲနေပြီ သူများတွေဝိုင်းပတ်တာ ကိုပဲနွေးကို လောင်းတော့မယ်နော်"တဲ့
ပြောပြီး သူက ကျွန်မကို ရေလောင်းတယ်လေ
"ဒါနဲ့ ဖုန်းကဘာလို့ ပိတ်ထားသေးလဲ ပြောပြော ဘယ်သူ့ ဆီအရင်ဝင်နေရလို့ လဲ"
"ရော် ခက်ပါလား ညက ညည်းနဲ့ ဖုန်းပြောပြီး ပိတ်လိုက်တာလေ မနက်ပန်းရှာပုံတော်ဖွင့်ဖို့ နောက်ကျနေတာနဲ့ ကျန်ခဲ့တာ ဟုတ်ပြီလား ကဲ"သူကျွန်မကိုရှင်းပြရှာပါတယ်
ပြီးလည်းပြီးရော သူ့ ဆေးခန်းက ကျွန်မဖုန်းကို လှမ်းဆက်ပြီး သင်္ကြန်ပြီးရင် နယ်ပြန်မယ့်လူနာရှိလို့ လာခဲ့ပေးပါ ဆိုလို့ ဆေးခန်းမှာပဲ တစ်နေကုန်သွားရတယ်။
သူဆေးခန်းက သူ့ ဖုန်းဆက်မရရင် ကျွန်မဆီရောက်နေပြီဆိုပြီးလှမ်းလှမ်းဆက်တတ်တယ်လေ။
ဘူပိတ်တာပဲ။
ဒါကတော့ ကျွန်မ ကြည်နူးခဲ့ရတဲ့နေ့ တစ်နေ့ ပေါ့လေ။
ကျွန်မကတော့ အထင်တွေလွဲ စိတ်တွေတိုပြီး ကိုယ့်အတွေးနဲ့ ကိုယ်ရူးနေပေမယ့် သူကတော့ ကျွန်မအတွက် ပြင်ဆင်နေခဲ့တာ ကျွန်မကိုယ့်ကိုယ်ကို နောက်မှနောင်တရလိုက်တယ်
သူ့ ကိုအထင်လွဲမိပါလားပေါ့။
နောက်ပြီးတော့ ကျွန်မကအရမ်းရစ်တတ်သေးတယ်။ သူကလုံးဝနားပူတာ မခံနိုင်တဲ့လူစားမျိုးပါ။
သူစိတ်တိုရင် အမြဲပြောတတ်တဲ့ စကားတစ်ခွန်းရှိတယ်။ နွေး ငါသည်းခံနေတယ်နော်
ကျွန်မကလည်း သူအဲလို စကားမျိုး အနည်းဆုံးငါးခါလောက်ကြားမှ ဖုန်းချပေးတတ်တာ။
သူအိပ်နေလည်း ကျွန်မပြောစရာရှိရင်ဖုန်းဆက်ပြီး အတင်းနှိုးတတ်တာ။
သူအိပ်နေတုန်းလာနှိုးရင်လုံးဝမကြိုက်တတ်တာလေ။
ကျွန်မ စင်ကာပူသွားတော့မယ် လို့ သူ့ ကိုစပြောခဲ့တုန်းက ပျက်သွားခဲ့တဲ့ သူ့ မျက်နှာမျိုး ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး။မသွားခင်ညက သူ့ မျက်ရည်တွေ ကျွန်မလျစ်လျူရှုခဲ့မိတာ။ အဲလို အချိန်မျိုးပြန်ရခဲ့ရင် မသွားတော့ပါဘူးလို့ ပြောမိမလားပဲ။
ဒီရောက်တော့လည်း တကျက်ကျက်ပါပဲ။ အွန်လိုင်းကနေ ရန်ဖြစ်ရလွန်းလို့  ကြာလာတော့ နားလည်မှုဆိုတာ မှေးမှိန်လာတယ်။ဝေးနေရတော့ သံသယကို ကြီးထွားစေတယ်။ သူ ကိုကိုယ်မမြင်နိုင် ၊ ကိုယ့်ကို သူမမြင်နိုင် အဲဒီဒုက္ခတွေကမွန်းကျပ်လွန်းပါတယ်။ကျွန်မရဲ့ သံသယတွေလည်း တစ်နေ့ တစ်ခြားကြီးထွားလာတယ်။
ကြာလာတော့ အဲလိုခံစားရတာတွေကို မုန်းလာတယ်။ထွက်ပြေးလွတ်မြောက်ချင်လာတယ်။
တစ်နေ့ က သူချောင်းသာ သွားရမယ်တဲ့ အလုပ်ကလူတွေနဲ့ မလိုက်လို့ မကောင်းလို့ ပါပေါ့လေ။
ကျွန်မကလည်း နားလည်ပေးပါတယ် သွားပါပေါ့။
ဖြစ်ချင်တော့ သူက ဘယ်နေ့ သွားမှာလဲ အတိအကျမပြောခဲ့ဘူး။
သူနဲ့ ကျွန်မ အွန်လိုင်းမှာ ဆုံရတဲ့အချိန်ကလည်းနည်းလာတယ်လေ။
သူကလည်း မတ်ဆေ့ခ်ျပဲထားသွားတော့ မေးချိန်လည်းမရခဲ့ဘူး။
သူက နက်ဖြန်သွားမယ်တဲ့ မတ်ဆေ့ခ်ျထားသွားတယ်။ ဒါနဲ့  ကျွန်မလည်း အလုပ်ကပြန်ရောက်တော့ သူ့ ဆီဖုန်းဆက်လိုက်တယ်။
သူ့ အိမ်က ချောင်းသာသွားပြီတဲ့ ။ ကျွန်မကို ပြောသွားတော့ နက်ဖြန်မှသွားမှာတဲ့လေ။
ကျွန်မ ကမ္ဘာကြီးချာချာလည်သွားသလို ခံစားလိုက်ရတယ်။ သူက ဘာလို့ ဒီနေ့ ကြိုသွားရတာလဲ ဘယ်သူနဲ့ သွားတာလဲ ဆေးခန်းကလူတွေနဲ့ ဆိုတာရော ဟုတ်ရဲ့ လား မေးခွန်းတွေနဲ့  ကျွန်မတကယ်ရူးမတတ်ခံစားရပါတယ်။
သူနဲ့ ပတ်သတ်ရင် ကျွန်မရဲ့ ခံစားချက်တွေ အစွန်းရောက်ရတာ အကြိမ်ကြိမ်ပါ။
ကျွန်မ ချက်ချင်းကို ချောင်းသာလိုက်သွားချင်ခဲ့တယ်။ ရန်ကုန်မှာသာဆို ကျွန်မလိုက်သွားမိမှာ။
သူ့ မှာက ချောင်းသာဇာတ်လမ်းကလည်း ရှိခဲ့ဘူးတာလည်း ကျွန်မအသိ( ဒါတွေကတော့ ကျွန်မသူ့ ကိုနားလည်ပေးခဲ့ရတဲ့တစ်စိတ်တစ်ပိုင်းပေါ့လေ)
ဒါနဲ့ ကျွန်မသူ့ ဆီ မတ်ဆေ့ခ်ျ ပို့ ခဲ့တယ်။
ပြန်လာလည်း လုံးဝ ကျွန်မကို့ ဆက်သွယ်စရာမလိုဘူးပေါ့ သူ့ ကို အရမ်းစိတ်နာတယ်ပေါ့
ကျွန်မလည်း ရေးမိရေးရာတွေ စိတ်ထဲရှိတာ အကုန်လျှောက်ရေးထားလိုက်တယ်။
ဖြစ်ချင်တော့ အဲဒီညပဲ သူ့ မေးလ်တွေ ကျွန်မသံသယရှိတာနဲ့ ဝင်စစ်လိုက်တယ်
ဘယ်သူနဲ့ ချက်တ် ထားလဲ ပေါ့
နောက်ဆုံး ကျွန်မဆီပို့ တဲ့ မေးလ်ပြီးတော့ သူ့ အစ်မတစ်ယောက်နဲ့ ချက်တ်ထားတာတွေ့ တယ် အချိန်က သူ့ ဆီက ၈နာရီ ၊ အစ်မက ဘယ်အချိန်သွားမှာလဲတဲ့  သူက ပြန်ပြောတာ ၉နာရီခွဲ ။
မသွားသေးဘူးလား ဘာလုပ်နေတာလဲ ဆိုတော့ ကျွန်တော့် ကောင်မလေးကို စောင့်နေတာတဲ့ သူအလုပ်ကပြန်မလာသေးလို့ တဲ့ သွားရမှာက အချိန်ကတော်တော်ကပ်နေပြီလေ။ သူက ကျွန်မကိုစောင့်နေခဲ့တာတဲ့။ ကျွန်မ အဲဒီစာတွေဖတ်ပြီးတော့ မျက်ရည်ကျရပါတယ်။ ငါကတော့ သူ့ ကို အပြစ်တွေတင် ပြတ်မယ်ဆဲမယ် နောက်မဆက်သွယ်နဲ့ ဆိုပြီး တစ်ဖက်သက် ငါ့ကိုမချစ်ဘူး ဆိုပြီး အမြင်တွေစောင်းနေခဲ့တာ သူကတော့ ကျွန်မကို ၀တ္တရားပြတ် အချစ်မလျော့ခဲ့ဘူးလေ။
ဒါနဲ့  ကျွန်မလည်း သူ့ မေးလ်ထဲဝင် ခုနကစာတွေ ပြန်ဖြတ် ၊ အလုပ်တော့ နည်းနည်းရှုပ်သွားခဲ့တယ်။
ခုတော့ သူလည်း ကျွန်မလိုပဲ ချစ်တယ်ဆိုတာ ကျွန်မသိပါပြီ အရင်ထဲကသိခဲ့တဲ့အရာတစ်ခု ပိုလေးနက်သွားခဲ့တာပါ။
ဘယ်အရာမဆို မဖော်ပြတတ်တဲ့ ချစ်သူရဲ့ အားနည်းချက်ကို တစ်လွဲမြင်ခဲ့မိတာ ကျွန်မရဲ့ အမှားပါ။
နောက်ဆို ကျွန်မဘယ်တော့ ထပ်မမှားတော့ဘူး။
ဘာလို့ လဲဆိုတာတော့ ရှုင်းပြစရာလိုမယ်မထင်တော့ပါဘူးနော်
ကျွန်မ ချစ်သူကို ကျွန်မသိပ်ချစ်လို့ ပေါ့။
ကျွန်မပြောချင်တာက ဒီတစ်ချက်လေး သူနဲ့  ကျွန်မနားလည်မှုလွဲခဲ့တာနဲ့  အနှစ်နှစ် အလလ တည်ဆောက်ခဲ့တဲ့သံယောဇဉ်တစ်ခု ပျက်စီးတော့မလို့ လက်တစ်ကမ်းပဲလိုခဲ့တယ်။
ကျွန်မ သူပြန်လာရင် သူ့ ကိုဖွင့်ပြောပြီး တောင်းပန်မှာပါ။
ပြီးတော့ ပြောနေကျ စကားလေးတစ်ခွန်းကလည်း သူ့ ကိုခရီးဦးကြိုစောင့်နေဦးမှာပါ။
ကျွန်မ ဥပမာပေးလိုက်တာ သမီးရည်းစားချစ်ခြင်း တစ်ခုထဲပါ။ ဒါက တွေးကြည့်ရင် ပေါ့ပျက်ချင်ကောင်းပေါ့ပျက်နိုင်တယ်။
အပြင်လောကမှာ ဒီထက်ပိုပြီးလေးနက်တဲ့  မိဘနဲ့ သားသမီး၊ ညီအစ်ကို မောင်နှမ၊ သူငယ်ချင်း ဘယ်ဆက်နွယ်မှုမှာမဆို မရှိမဖြစ်တာ နားလည်မှုပါ။
လျှပ်တပြက် အတွင်းမှာ တည်ဆောက်လို့ မရတဲ့အရာတွေဟာ နားလည်မှုတစ်ချက်လွဲသွားခဲ့တာနဲ
လျှပ်တပြက် အတွင်းမှာ ရေပွက်လိုပဲ ပျောက်ကွယ်သွားတတ်ပါတယ်။
လူသားတိုင်းမွေးဖွားလာထဲက ကိုယ်ဗီဇ ဆိုတာ ပါလာစမြဲပါ။ လူတစ်ယောက်မှာ ကောင်းတဲ့အချက်တွေရှိနေနိုင်သလို ဆိုးတဲ့အချက်တွေလည်းရှိနေတတ်စမြဲပါ။
ဆိုးတဲ့ အချက်ကများနေခဲ့ရင်တောင် နားလည်မှုနဲ့  ပြင်ပေးလိုက်ရင် ကောင်းသွားနိုင်မှာပါ။
အဓိကက ကြည့်တဲ့သူပေါ်မှာပဲမူတည်ပြီး ကွဲပြားသွားတာပါ။
သည်ကမ္ဘာကြီးက ကြည့်တတ်၊မြင်တတ်၊နားလည်ပေးတတ်တဲ့ သူတွေအတွက်တော့ အမြဲ လှပနေခဲ့ပါတယ်။
လူသားတိုင်းချစ်ခင်နိုင်ကြပါစေ။ နားလည်ပေးနိုင်ပါစေ။
No comments:
Post a Comment